AppleiOS

iPhone XS နဲ့ iPhone X: ကင်မရာ Hardware ကွာခြားချက်များ

iPhone XS, XS Max နဲ့ XR တို့မှာ အသုံးပြုထားတဲ့ ကင်မရာတွေမှာ Focal Length 26mm နဲ့ ညီမျှတဲ့ Lens တွေကို အသုံးပြုထားပါတယ်။ ဒါဟာ အရင် iPhone 8 နဲ့ iPhone X ကင်မရာတွေမှာပါတဲ့ 28 mm ထက် 2mm ပိုလျော့နည်းပါတယ်။ ဒီကြောင့် iPhone XS ကင်မရာတွေဟာ ပိုကျယ်တဲ့ မြင်ကွင်းကို ရိုက်ကူးပေးနိုင်မှာဖြစ်ပါတယ်။ (iPhone XR ရဲ့ နောက်ကျောဘက်ကင်မရာဟာလည်း iPhone XS နဲ့ iPhone XS Max တို့ရဲ့ အဓိက ကင်မရာတွေနဲ့ အတူတူပဲဖြစ်ပြီး ဒုတိယကင်မရာ မပါဝင်တာပဲ ကွာခြားပါတယ်။)

ဒါ့အပြင် iPhone XS တွေရဲ့ ကင်မရာ Sensor ဟာ အရင် iPhone X ကင်မရာ Sensor ထက် ၃၀ ရာခိုင်းနှုန်း ပိုမိုကြီးမားပါတယ်။ ဒါ့အပြင် iPhone XS, XS Max နဲ့ XR တို့ရဲ့ ကင်မရာဟာ Exposure Time ကို ၁ စက္ကန့်အပြည့်ထိ ဖွင့်ထားပြီး ရိုက်ကူးနိုင်လာပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်တဲ့ Long Exposure ဓာတ်ပုံတွေကို ရိုက်ကူးလာနိုင်တော့မှာပါ။ အရင်ကထွက်ခဲ့တဲ့ iPhone တွေကတော့ Long Exposure ကို ⅓ စက္ကန့်စာအထိပဲ ရိုက်ကူးပေးနိုင်ခဲ့တာပါ။ XS အရင်ကထွက်ခဲ့တဲ့ iPhone တွေမှာ ⅓ စက္ကန့်ထက် ပိုတဲ့ Exposure ကို ရိုက်ပေးနိုင်တဲ့ Application တွေဟာ တကယ် Long Exposure ရိုက်ကူးပေးတာမဟုတ်ဘဲ ပုံတွေ အများကြီးကို ပေါင်းစပ်ပြီး Long Exposure အတိုင်းဖြစ်အောင် ဖန်တီးပေးထားတာဖြစ်ပါတယ်။

iPhone XS တွေမှာ ISO Range လည်း ပိုမိုပါဝင်လာပါတယ်။ 24 ISO ကနေ 2304 ISO အထိ တိုးမြှင့် ပေးထားတာကြောင့် အလင်းအားနည်းချိန်တွေမှာ ပိုမိုကောင်းမွန်တဲ့ ပုံတွေကို ရိုက်ကူးလာနိုင်ပါတယ်။ အရင် iPhone Sensor တွေမှာ ISO အနေနဲ့ 2112 ISO အထိပဲ ပါဝင်ပါတယ်။ iPhone XS နဲ့ XS Max တို့မှာ ပါဝင်တဲ့ ဒုတိယ Telephoto Lens မှာတော့ 1440 ISO အထိ ပါဝင်လာပါတယ်။ ဒါဟာ အရင်ဖုန်းတွေမှာ ပါဝင်ခဲ့တဲ့ 1200 ISO ထက် ပိုများလာတာပါ။ ဒါကြောင့် အလင်းရောင်အတူတူမှာ ရိုက်မယ်ဆိုရင် Noise တွေ ပါဝင်နှုန်း ပိုနည်းသွားမှာဖြစ်ပါတယ်။

iPhone X နဲ့ iPhone XS တို့ရဲ့ ကင်မရာကွာခြားချက်ကို အောက်မှာ ကြည့်နိုင်ပါတယ်။

iPhone X နဲ့ iPhone XS တို့ရဲ့ ကင်မရာ ကွာခြားချက် (Photo- Sebastiaan de With)

iPhone XS, iPhone XS Max နဲ့ iPhone XR တို့ရဲ့ ကင်မရာဟာ အရင် iPhone X ထက် ဘယ်လိုမျိုး ပြောင်းလဲသွားလဲဆိုတာ အသေးစိတ် ဆက်လက် တင်ပြပေးပါမယ်။

Back to top button